ကိုယ်ဝန်ဆောင်ချိန်မှာ ကြွက်တက်တာ သက်သာချင်ရင်
ကြွက်တက်ရင် သေတတ်တယ်ဆိုတဲ့ စကားတစ်ခုကြောင့်လား မသိ ကြွက်တက်တာကို ပုံမှန်အချိန်မှာ ကြောက်ကြတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ကြွက်တက်ပြီဆိုရင် မိခင်အသက်အန္တရာယ် ထိခိုက်မလား ကလေးကိုများ ထိခိုက်သွားမလားဆိုတဲ့ အတွေးမျိုးစုံက ကြီးစိုးလို့ စိတ်ပူပန်စရာတွေ ဖြစ်လာပါတယ်။
တကယ်ကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ခြေထောက်ကြွက်တက်တာက ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတစ်ခုလို့ပဲ ဆိုချင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အထူးသဖြင့် ဒုတိယ ၃ လပတ် ကာလနဲ့ တတိယ ၃ လပတ် ကာလတွေမှာ အဖြစ်များပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ကြွက်တက်တာကို သက်သာစေဖို့ ဘယ်လိုနည်းလမ်းလေးတွေနဲ့ ဖြေရှင်းမလဲဆိုတော့ အခုလို နည်းလမ်းလေးတွေကို သေချာလေး လိုက်လုပ်ပေးရုံပါ။
ကိုယ်ဝန်ဆောင်မေမေ ကြွက်တက်ခဲ့ရင် ဘယ်လို သက်သာအောင် လုပ်ပေးလို့ ရမလဲဆိုတဲ့ အချက်လေးတွေကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ကိုယ်ဝန်ဆောင်ချိန်မှာ ကြွက်တက်တာ သက်သာစေဖို့ဆိုရင် ဒီနည်းလမ်းလေးတွေက အဆင်ပြေစေမှာပါနော်။
- ခြေထောက်ကို နှိပ်နယ်ပေးပါ
ကိုယ်ဝန်ဆောင်ချိန်မှာ ခြေထောက် ကြွက်တက်လာပြီဆိုရင် အရင်ဆုံး သက်တောင့်သက်သာ အနေအထားနဲ့ ထိုင်ပြီး ခြေသလုံးကို နှိပ်နယ်ပေးပါ။ ဒီလိုနှိပ်နယ်တဲ့အခါ ကြွက်သားတွေပြေလျော့စေဖို့ ခပ်ဖွဖွလေး နှိပ်ပါ။ အတင်းအားသုံးပြီး နှိပ်တာမျိုး မလုပ်ပါနဲ့။
- လှုပ်ရှားပေးပါ
ကြွက်တက်လာပြီဆိုရင် ခြေထောက်ကို လှုပ်ရှားပေးပါ။ လမ်းလျှောက်လို့ရမယ်ဆိုရင် လျှောက်ပေးတာမျိုး ခြေထောက်ကို လှုပ်ရှားလို့ရမယ့် ပုံစံမျိုးနဲ့ပေါ့။ ဒီလို လုပ်တာကကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး ကြွက်တက်တာကို သက်သာစေနိုင်ပါတယ်။
- ရေနွေးနဲ့ ရေချိုးပေးပါ
ရေနွေးနဲ့ ရေချိုးချလိုက်တာကလည်း ကြွက်တက်တာကို သက်သာစေနိုင်ပါတယ်။ အကြောင်းကတော့ ရေနွေးရဲ့ အနွေးဓာတ်က ကြွက်သားတွေကို ပြေလျော့စေပြီး ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေတာကြောင့်ပါ။
- ခြေထောက်ကိုရေနွေးစိမ်ပေးပါ
ခြေထောက်ကို ရေနွေးစိမ်ပေးတာ ရေနွေးအိတ်ကပ်ပေးတာ ကြိုက်တာ လုပ်ပေးလို့ ရပါတယ်။ ဒီလိုလုပ်ပေးတာက ကြွက်သားကို ပြေလျော့စေပြီး ကြွက်တက်တာကိုလည်း သက်သာစေမှာပါ။
- ရေခဲကပ်ပေးပါ
ရေခဲကပ်ပေးတာကလည်း ကြွက်တက်တာကို သက်သာစေမယ့် နည်းလမ်းကောင်းပါ။ ရေခဲကလည်း ကြွက်သားကို ဒဏ်ကြေစေပြီး ကြွက်တက်တာ ရောင်ရမ်းတာတွေကို သက်သာစေမှာပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ ကြွက်တက်နေလို့ စိတ်မပူဘဲ နေ့စဉ်မှာ ရေများများသောက်တာ ကယ်လ်ဆီယမ်ပြည့်ဝအောင်နေတာ သက်တောင့်သက်သာဖြစ်စေမယ့် ဖိနပ်ကို စီးတာ၊ လမ်းပုံမှန်လျှောက်တာမျိုး လုပ်ပေးရင်း ကြွက်တာကို ကာကွယ်လို့ ရသလို အပေါ်က ပြောခဲ့တဲ့ နည်းလမ်းတွေနဲ့လည်း ကြွက်တက်လာရင် သက်သာအောင် လုပ်လို့ ရပါတယ်။
မွန်မွန်